Saturday, December 28, 2013

Posted by Unknown | File under : ,

Photo
မြန်မာမိုဘိုင်းပိုက်ဆံဝန်ဆောင်မှုကို အသုံးပြုရန်အတွက်အကောင့်(ငွေစာရင်း) ဖွင့်လှစ်ထားနိုင်ပြီဖြစ်သော်လည်း ငွေဖြည့်သွင်းရန်အတွက် သက်ဆိုင်ရာကိုယ်စားလှယ်များ နေရာချထားမှု မပြုလုပ်ရသေးခြင်းကြောင့် မိုဘိုင်းဖုန်းအတွင်း ငွေဖြည့်၍မရနိုင်သေးကြောင်း သတင်းရရှိသည်။
Myanmar Mobile Money(MMM)အမည်ရှိ မိုဘိုင်းပိုက်ဆံမှာ မိုဘိုင်းဖုန်းမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး ငွေကြေးလွှဲပြောင်းပေးချေနိုင်သော ၀န်ဆောင်မှုဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ရာ ထိုမိုဘိုင်းပိုက်ဆံအတွက် အကောင့်သာ စတင်ဖွင့်လှစ်နိုင်ဦးမည်ဖြစ်ကြောင်း Myanmar Mobile Money ၀န်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“အခုတော့ အကောင့်ဖွင့်ပြီးသုံးတဲ့သူတွေလည်းရှိပြီး အေးဂျင့်(ကိုယ်စားလှယ်)တွေနဲ့လည်း စပြီးတော့ စမ်းသပ်လည်ပတ်နေပြီ။ ဒါပေမဲ့ နေရာတွေကတော့ အတိအကျမချရသေးဘူး။ လောလောဆယ်တော့ အကောင့်ဖွင့်ထားလို့ပဲရဦးမယ်”ဟု ၎င်းကပြောသည်။
အဆိုပါ Myanmar Mobile Money ၀န်ဆောင်မှုအတွက် ဗဟိုဘဏ်မှ ဒီဇင်ဘာလအတွင်းက ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာမိုဘိုင်းပိုက်ဆံဝန်ဆောင်မှုအတွက် ကိုယ်စားလှယ်များထံတွင် မိုဘိုင်းဖုန်းအတွင်း ငွေဖြည့်သုံးစွဲနိုင်မည်ဖြစ်ပါက တရားဝင်ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် အကောင့်ဖွင့်ထားလိုသူများအနေဖြင့် ပုံစံသုံးမျိုးဖြင့် ဖွင့်လှစ်ထားနိုင်ပြီဖြစ်သည်ဟုဆိုသည်။
GSM နှင့် WCDMA ဖုန်းများအတွက် USSD, SMS စနစ်နှင့် Application ဆွဲ၍ အကောင့်ဖွင့်လှစ်နိုင်ပြီး CDMA ဖုန်းများအတွက် SMS နှင့် Application ဆွဲ၍သာ အကောင့်ဖွင့်လှစ်နိုင်ရာ Application ကိုwww.myanmarmobilemoney.com.mm တွင် ၀င်ရောက်ဒေါင်းလုတ်ရယူ၍ အကောင့်ဖွင့်နိုင်ခြင်းဖြစ်သည်။
လက်ရှိတွင် *666# သို့ ဖုန်းခေါ်ဆိုပြီး အကောင့်ဖွင့်လှစ်မှုကို အများဆုံးအသုံးပြုနေကြပြီး မြန်မာမိုဘိုင်းပိုက်ဆံဝန်ဆောင်မှုကို ၎င်း၏၀က်ဘ်ဆိုက်တွင် အသုံးပြုပုံများ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထိုဝန်ဆောင်မှုကို အသုံးပြုလိုသူများအနေဖြင့် အကောင့်ဖွင့်လှစ်ခြင်းနှင့် အသုံးပြုမှုအဆင့်ဆင့်ကို နားမလည်မှုများရှိနေခြင်းကြောင့် အကောင့်ဖွင့်လှစ်အသုံးပြုရန် ခက်ခဲနေသေးကြောင်း စုံစမ်းသိရသည်။
ref;7daynews

0 comments:

Post a Comment