ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ရသည့် စမတ်နည်းပညာ ပစ္စည်းအမျိုးမျိုးကို အပြိုင် စမ်းသပ်နေသည့်နောက် Fin Ring သည် ဆွဲဆောင်မှု အရှိဆုံး ဖန်တီးမှုလေးတစ်ခု ဖြစ်လာဖွယ် ရှိနေသည်။ ရန်ပုံငွေများ စုဆောင်းရယူပြီး အကောင်အထည် ဖော်နေသည့် Indiegogo ပရောဂျက်သည် ဒေါ်လာ (၁၃၀) တန် စမတ်လက်စွပ်လေးကို လက်တွေ့ ရောင်းချနိုင်ရန် မျှော်လင့်လျှက် ရှိသည်။ အဆိုပါ စမတ်လက်စွပ်လေး အနေဖြင့် လက်ဟန်ခြေဟန်ဖြင့် အီလက်ထရောနစ် ပစ္စည်းအများအပြားကို စေညွှန်ခိုင်းစေနိုင်မည့် ရည်ရွယ်ချက်မျိုးဖြင့် တီထွင်ထားခြင်း ဖြစ်သည်။
လတ်တလောတွင်မူ Fin Ring သည် စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိနေသေးသည်။ Bluetooth ဖြင့် ချိတ်ဆက်ရမည့် ယင်းလက်စွပ် ကလေးသည် ကွန်ပျူတာ တစ်လုံးတွင် Keyboard ကို အသုံးပြုရမည့် ညွှန်ကြား လုပ်ဆောင်မှုများကို လက်ဟန်ခြေဟန်ဖြင့် ပြောင်းလဲ စီစဉ်နိုင်စေမည်ဟုလည်း ဆိုသည်။ ထို့အပြင် မိမိနေအိမ်မှ မီးခလုတ် အဖွင့်အပိတ်ကို လက်စွပ် ဝတ်ဆင်ထားသည့် လက်ဖြင့်ပင် သတ်မှတ်ပုံစံမျိုး ဝှေ့ယမ်းလှုပ်ရှားပြီး ပြုလုပ်နိုင်မည် ဖြစ်သည်။ လက်စွပ်ကို အသုံးပြုသူ အနေဖြင့် လက်ချောင်းလှုပ်ရှားမှု ပုံစံများကိုမူ မှတ်သားထားရန် လိုအပ်မည် ဖြစ်သည်။ လက်စွပ်ဖြင့် ကွန်ပျူတာပေါ် ဖွင့်ထားသည့် ဝက်ဘ်ဆိုက် စာမျက်နှာ တစ်ခုကို Scroll Up/Down ပြုလုပ်နိုင်မည် ဖြစ်ပြီး ယင်းအတွက် Keyboard နှင့် Mouse တို့ကိုပင် မလိုအပ်ချေ။
Fin Ring ကို လက်ချောင်း တစ်ချောင်းတွင် ဝတ်ဆင်ထားပြီးနောက် ၎င်းက လက်ချောင်းလေးများ၏ အဆစ်များကို တစ်ခုချင်း ပုံရိပ်ဖမ်း မှတ်သားထားပြီး လက်လှုပ်ရှားမှု အမျိုးမျိုးဖြင့် အီလက်ထရောနစ် ပစ္စည်းကိရိယာများစွာကို ခိုင်းစေနိုင်အောင် တာဝန်ယူပေးမည် ဖြစ်သည်။ ပရောဂျက် တာဝန်ရှိသူများက Fin Ring သည် လက်တွေ့ဘဝ လှုပ်ရှားပြောင်းလဲမှု အားလုံး၏ ပင်ကိုသဘာဝကို ဒီဂျစ်တယ် နည်းပညာဖြင့် တိုက်ရိုက်ထိတွေ့စေမည့် ကွင်းဆက်လေး တစ်ခုအဖြစ် ညွှန်းဆိုထားသည်။

0 comments:
Post a Comment