Tuesday, January 14, 2014

Posted by Unknown | File under :
Apple က အသစ်ထုတ်လုပ် ရောင်းချမည့် iPhone 6 သည် iPhone မျိုးဆက် အားလုံးအနက် အပါးလွှာဆုံး ဖြစ်လာဖွယ် ရှိနေကြောင်း သိရှိရသည်။ iPhone မျိုးဆက်သစ်၏ ဒီဇိုင်းပုံဟု ယူဆရသည့် ဓာတ်ပုံတစ်ခု အင်တာနက်တွင် ပျံ့နှံ့လာရာ ယင်းဖုန်း၏ ကိုယ်ထည်သည် (၃) မီလီမီတာမျှသာ ထူထဲကြောင်း တွေ့ရှိရသည်။ အချို့ကလည်း (၄.၅) မီလီမီတာမျှ ထူထဲမည်ဟု ခန့်မှန်းကြသည်။ မည်သို့ပင်ဖြစ်စေ Apple အနေဖြင့် iPhone အသစ်ကို ထုတ်လုပ် ရောင်းချရာတွင် ကိုယ်ထည် ပါးလွှာပေါ့ပါးမှုကို အသားပေး တည်ဆောက်လာလိမ့်မည်ဟု အများစုက လက်ခံထားသည်။

အထူးသဖြင့် iPad Air အမျိုးအစား ပါးလွှာသည့် Tablet ကို ထုတ်လုပ်ခဲ့သည့်နောက် ဖုန်းများကိုလည်း ပါးလွှာသော ကိုယ်ထည်အဖြစ် ပြောင်းလဲရန် ကုမ္ပဏီက အာရုံစိုက်လာဖွယ် ရှိနေသည်။ Apple အနေဖြင့် ယခုနှစ်အတွင်း မျိုးဆက်သစ် iPhone ကို ထုတ်လုပ် ရောင်းချဖွယ် ရှိနေပြီး iPhone 5S နှင့် iPhone 5C တို့ကို ဆက်ခံမည့် အဆိုပါ အမျိုးအစားသည် iPhone 6 ဟု ယေဘုယျ ခေါ်ဝေါ်နေသည့်တိုင် iPhone Air ဟူသော အမည်မျိုးဖြင့် ထွက်ပေါ် လာနိုင်ကြောင်းလည်း သိရသည်။

Apple ၏ iPhone များသည် Screen အရွယ်အစား သေးငယ်မှု အတွက်လည်း ဝေဖန်မှုများ ကြုံနေရပြီး အသစ်ထွက်ရှိမည့် အမျိုးအစားတွင် Samsung ၏ Galaxy S4 နှင့် HTC One တို့ကဲ့သို့ (၅) လက်မ Screen မျိုး ဖြစ်လာရန်လည်း Apple ပရိသတ်က မျှော်လင့်နေသည်။ လက်ရှိ ရောင်းချနေသည့် iPhone 5S သည် (၇.၆) မီလီမီတာ ထူထဲပြီး iPad Airကမူ ယင်းထက် အတန်ငယ် ပါးလွှာကာ (၇.၅) မီလီမီတာ အထူရှိသည်။ လက်ရှိ ကမ္ဘာပေါ်တွင် ကိုယ်ထည် အပါးလွှာဆုံးဖုန်းမှာ Vivo X3 ဖြစ်ပြီး (၅.၇၅) မီလီမီတာသာ ထူသည်။ ယင်းသည် Huawei ၏ Ascen P6 ၏ ကိုယ်ထည်အထူ (၆.၁၈) မီလီမီတာ စံချိန်ဟောင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

0 comments:

Post a Comment