ရုပ်ကြွင်းလောင်စာကို စွမ်းအင်ကဏ္ဍအတွက် အဓိက မှီခိုနေရခြင်းအား လျှော့ချရန် နည်းလမ်း အမျိုးမျိုးဖြင့် စဉ်းစားလာသည့်နောက် ယခုအခါ ကမ္ဘာ့လူကြိုက်အများဆုံး အားကစားနည်းဖြစ်သည့် ဘောလုံးတွင်ပါ ဆက်နွယ် ပတ်သက်လာပြီ ဖြစ်သည်။ အမေရိကန် နိုင်ငံမှ ကုမ္ပဏီ တစ်ခုသည် မိုဘိုင်းလ်ဖုန်းကဲ့သို့ ကိရိယာ အငယ်စားများကို အားပြန်ဖြည့်ပေးနိုင်သလို အသေးစား မီးလုံးလေးများကိုပါ ထွန်းညှိပေးနိုင်မည့် ဘောလုံးတစ်မျိုးကို တီထွင်လိုက်ပြီ ဖြစ်သည်။ ရော်ဘာအမြှုပ်ဖြင့် တည်ဆောက်ထားပြီး သားရေအုပ်ထားသော ယင်းဘောလုံး၏ အတွင်းဘက်တွင် ချိန်သီး တစ်ခုကို ထည့်သွင်းထားသည်။
ဘောလုံးကို ကန်လိုက်သည့် အခါတိုင်း ယင်းချိန်သီးက အတွင်းတွင် လှုပ်ရှားသွားပြီး ယင်း၏ အရွေ့စွမ်းအင်က လျှပ်စစ် ထုတ်လုပ်ပေးသည့် ဂျင်နရေတာ တစ်ခုသဖွယ် အလုပ်လုပ်မည် ဖြစ်သည်။ ထိုလျှပ်စစ်ဓာတ်ကို ဘောလုံး၏ အတွင်းပိုင်းရှိ အသေးစား ဘက်ထရီလေးက သိုလှောင်ပေးထားသည်။ Soccket ဟု အမည်ပေးထားသည့် ဘောလုံးသည် အရွေ့ စွမ်းအင်ကို လျှပ်စစ်သိုလှောင် ကိရိယာ တစ်ခုအဖြစ် အကောင်းဆုံး ပြောင်းလဲအသုံးချနိုင်မည့် အားကစား အထောက်အကူပြု ပစ္စည်းတစ်ခုဟု ယူဆနိုင်မည် ဖြစ်သည်။ ဘောလုံး၏ လေထိုးသည့် နေရာကို ခွာထုတ်နိုင်ပြီး အတွင်းဘက်တွင် Built-in USB Port တစ်ခု ပါဝင်သည်။
ထိုမှတစ်ဆင့် LED မီးလုံးလေးများဖြင့် ချိတ်ဆက်ကာ မီးထွန်းနိုင်သလို စမတ်ဖုန်းများကိုလည်း အားသွင်းနိုင်ကြောင်း သိရသည်။ Soccket ပရောဂျက်သည် နယူးယော့ခ်မှ Uncharted Play ၏ လက်ရာတစ်ခု ဖြစ်သည်။ ယင်းကုမ္ပဏီသည် အစောပိုင်းက ဒေါ်လာ (၇၅၀၀၀) မျှ စုဆောင်းနိုင်မည့် သုတေသန လှုပ်ရှားမှု တစ်ခုအဖြစ် Soccket ကို စတင်ဖန်တီးခဲ့ပြီး ယခုအခါ ဒေါ်လာ (၉၂၀၀၀) ကျော် ရရှိထားပြီ ဖြစ်သည်။ Uncharted Play သည် Soccket ၏ အတွင်းပိုင်းတွင် G-Kick နည်းပညာကို ထည့်သွင်းထားပြီး ယင်းကို ကုမ္ပဏီပိုင်အဖြစ် မှတ်ပုံတင်ထားသည်။
ဘောလုံးကို ကန်လိုက်တိုင်း အတွင်းဘက်ရှိ ချိန်သီးက လှုပ်ခါကာ လျှပ်စစ်စွမ်းအင်ကို စုဆောင်းပေးနေမည် ဖြစ်သည်။ ယင်းဘောလုံးကို တောင်အမေရိက၊ အာဖရိက၊ မက္ကစီကိုနှင့် ဘရာဇီးလ် နိုင်ငံတို့ရှိ ဘောလုံး အားကစားကို ဝါသနာပါပြီး ဆင်းရဲမွဲတေသည့် ကလေးငယ်များအတွက် ရည်ရွယ်ထုတ်လုပ်ခြင်း ဖြစ်သည်။ အကယ်၍ ယင်းဒေသများတွင် အားကစား အထောက်အကူပြု လှူဒါန်းမှုများ ပြုလုပ်လိုပါက Soccket ဘောလုံး တစ်လုံးလျှင် (၉၉) ဒေါ်လာဖြင့် ဝယ်ယူ လှူဒါန်းနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
ref; planet
0 comments:
Post a Comment